မြန်မာ့ရှေးရိုစဉ်လာ အရိုအသေပေးထိုင်ပုံစနစ် ပြန်လည်ဖော်လှစ်ခြင်း= အရှင်တိလောကာဘိဝံသ (အင်းစိန်)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေး ထိုင်ပုံ


ယနေ့ မြန်မာလူမျိုးများ ဘုရားရှိခိုးရာ၊ ဆရာတော် သံဃာတော်များ, လူကြီးသူမများကို ရှိခိုးရာ စသည်တို့၌ ထိုင်ပုံထိုင်နည်း အမျိုးမျိုး တွေ့ရသည်။ အချို့အမျိုးသားများက ဆောင့်ကြောင့်ထိုင် အနေအထား၊ အချို့အမျိုးသားများနှင့် အမျိုးသမီးများက ပုဆစ်တုပ်ထိုင်အနေအထား ဤနှစ်မျိုး အတွေ့များသည်။ ပုဆစ်တုပ်ထိုင်ရာ၌လည်း ခြေထောက်နှစ်ဖက်လုံးကို တင်ပါးအောက်သွင်းကာ ခြေဖဝါး ပက်လက်လှန်၍ အပေါ်က တင်ပါးဖိထိုင်သော ပုဆစ်တုပ်နည်း၊ ခြေထောက်နှစ်ချောင်း ဘေးမှာကွေး၍ တင်ပါးလွှဲထိုင်သော ပုဆစ်တုပ်ထိုင်နည်းဟု နှစ်မျိုးတွေ့ရသည်။ အဆိုပါ နှစ်မျိုးလုံးပင် ပုဆစ်တုပ်ထိုင်နည်းဟု ဆိုလိုပါသည်။ 


နမူနာပုံများ


မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံများကို လေ့လာကြည့်သောအခါ မြန်မာအစ တကောင်းက ဆိုသော်လည်း ပုဂံမတိုင်မီက တကောင်း, ပျူ, ကမ်းယံ, သက်-စသည်ဖြင့် ဒေသဆိုင်ရာ လူမျိုးအစုအဖွဲ့လေးများ သီးခြားစီ ရှိနေခဲ့ကြသည်။ ပုဂံခေတ် အနော်ရထာဘုရင် လက်ထက်မှစ၍ မျိုးနွယ်စုလေးများ စုပေါင်းပြီး မြန်မာဟု တွင်ခဲ့သည်။ ထို့ကြောင့် မြန်မာအစ ပုဂံကဟု ဆိုခြင်းသည်သာလျှင် ပိုမိုသဘာဝကျသည်။ ပုဂံယဉ်ကျေးမှု လက်ရာများကို လေ့လာကြည့်ရာ၌ ရွှေစည်းခုံဘုရား တောင်ဘက်ရင်ပြတော်ရှိ အင်္ဂုလိမာလရဟန္တာမထေရ် ထိုင်နေပုံ၊ ကျန်စစ်သားမင်းကြီး တည်ထားခဲ့သော အာနန္ဒာဘုရားအတွင်း အနောက်ဘက်မုခ် မတ်ရပ်ကိုယ်တော်ကြီး၏ ခြေတော်ရင်း တောင်ဘက်ဘေးရှိ ကျန်စစ်သား မင်းကြီးပုံနှင့် မြောက်ဘက်ဘေးရှိ ရှင်အရဟံပုံံ၊ အာနန္ဒာဘုရားအတွင်း မြောက်ဖက် မတ်ရပ်ကိုယ်တော်ကြီး၏ ခြေတော်ရင်း အရှေ့ဖက်ဘေးရှိ အဂ္ဂသာဝကကြီးပုံများကို သေချာစွာ လေ့လာကြည့်ပါ။ ဤပုံများသည် မြန်မာ့ရှေးရိုးစဉ်လာ အရိုအသေပေးထိုင်ပုံများကို ဖော်ပြနေသည်။ 

ကမ္ဘာအေး ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီးအတွင်း ဧတဒဂ်ရ ထေရ, ထေရီပုံတော်များသည်လည်း ဘုရားးရှေ့ အရိုအသေပေးထိုင်ပုံများအဖြစ် နမူနာ ယူနိုင်သည်။ မြန်မာပြည် အရပ်ရပ်ရှိ ဘုရားများရှေ့တွင် ရှိသော ရဟန္တာပုံများမှာလည်း ဆိုခဲ့ပြီးအတိုင်း ပုဆစ်တုပ်ထိုင်ပုံ နှစ်မျိုး အနေအထားပင် အတွေ့များသည်။ ဆောင့်ကြောင့်ထိုင်ပုံ အနေအထား မတွေ့ရသလောက်ပင် ရှားသည်။ ယခုခေတ် တွေ့ရေသော ဆောင့်ကြောင့် အနေအထားများသည် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုမှ ဆင်းသက်လာသော ထိုင်ပုံထိုင်နည်း ဖြစ်ဟန်ရှိသည်ဟု စာရေးသူ စဉ်းစားမိပါသည်။ 


အရိုအသေပေးပုံ ဣရိယာပုထ် အနေအထားများ


အရိုအသေပေးသူနှင့် အရိုအသေခံနှစ်ဦးလုံး သွား+သွားခြင်း၊ ရပ်+ရပ်ခြင်း၊ ထိုင်+ထိုင်ခြင်း အနေအထားဖြင့် အရိုအသေပေးသူက လက်အုပ်ချီသင့်လျှင် ချီ၍ ပြောဆိုဆက်ဆံသင့်သည်။ လျောင်း+လျောင်းခြင်းကား မသင့်ပါ။ (ဒီ၊ ၁၊ ၈၅။ ဒီ၊ ဋ္ဌ၊ ၁၊ ၂၂၆-)

ရိုသေလေးစားထိုက်သူများ မိမိထံသို့ဖြစ်စေ, မိမိအနီးအနားမှ ဖြတ်သွားသည်ဖြစ်စေ မိမိက ထိုင်မနေဘဲ မတ်တပ်ထပေးသင့်ပါသည်။ ဦီးချရာ၌ကား သေသေ ချာချာ ထိုင်၍ ဦီးချသင့်သော နေရာရှိလျှင် ထိုင်၍ ဦးချသင့်ပါသည်။ ထိုင်ရန်မသင့်သော မြေမှာဖြစ်စေ, ရေတော, ဗွက်တောစသည်မှာ ဖြစ်စေ မတ်တပ်ရပ် လက်အုပ်ချီရုံဖြင့် သင့်တော်ပါသည်။ 


ဆောင့်ကြောင့်ထိုင် အနေအထား ရှာတော်ပုံ


ဆောင့်ကြောင့်ထိုင် အနေအထား မူလဇစ်မြစ်ကို ရှာကြံလေ့လာ ဆန်းစစ်သော အခါ ဝုဍ္ဎာနံ ဘိက္ခူနံ ပါဒေ ဝန္ဒိတွာ ဥက္ကုဋိကံ နိသီဒိတွာ အဉ္ဇလိံ ပဂ္ဂဟေတွာ(သီတင်းကြီးရဟန်းတို့ကို ရှိခိုး၍ ဥက္ကုဋိကအနေအထားထိုင်ပြီး လက်အုပ်ချီကာ)ဟူသော ပါရာဇိကဏ်ပါဠိတော် ကုဋိကာရသိက္ခာပုဒ်စသည်တို့၌လာသော ဥက္ကုဋိကံ နိသီဒိတွာဟူသော ပါဠိအနက်ပေးပုံ အပေါ်မှာ မူတည်၍ ,တင်လာဟန် ရှိသည်။ ဥက္ကုဋိကံကို ဆောင့်ကြောင့်ဟု မြန်မာပြန်ရာမှ ,တင်ခဲ့ခြင်း ဖြစ်ဟန်ရှိပါသည်။ ဆောင့်ကြောင့်ဟု အနက်ပေး မြန်မာပြန်သော ဆရာသည် သတ္တဝါများ ပဋိသန္ဓေ နေသောအခါ လက်သီးဆုပ်နှစ်ခုတို့၌ မေးတင်၍ မိုးရွာသောအခါ သစ်ပင်ခေါင်းထဲ၌ မျောက်တို့ကဲ့သို့ ထိုင်နေကုန်၏” ဟူသော စကားကို နမူနာယူဟန်ရှိသည်။ 

ဥက္ကုဋိကံ ဒွီသု မုဋ္ဌီသု ဟနုကံ ဌပေတွာ ဒေဝေ ဝဿန္တေ ရုက္ခသုသိရေ မက္ကဋာ ဝိယ နိသီဒန္တိ။ (ဒီ၊ ဋ္ဌ၊ ၂၊ ၂၈-၉။ မ၊ ဋ္ဌ၊ ၄၊ ၁၂၉) အဆိုပါ အဋ္ဌကထာစကားသည် မိုးရွာသောအခါ မျောက်များ သစ်ခေါင်းထဲ၌ ထိုင်နေပုံနှင့် သတ္တဝါများ ပဋိသန္ဓေနေပုံံကို ပြသော အရာဖြစ်သည်။ ရိုရိုသေသေ နေထိုင်သောအခါ, ရှိခိုးသောအခါ စသည်တို့၌ အဆိုပါမျောက်ထိုင်ပုံကို နမူနာယူခြင်းသည် သဘာဝမကျလှပါ။ 

ဥက္ကုဋိကံကို ဆောင့်ကြောင့်ဟုသာ အနက်ပေးခြင်းသည်ပင် သဘာဝမကျလှပါ။ သေခိယသိက္ခာပုဒ်လာ ဥက္ကုဋိကာယ အန္တရဃရေ ဂမိဿာမီတိ (နိသီဒိဿာမီတိ) သိက္ခာ ကရဏီယာ” ဟူသော ပါဠိ၌ ဥက္ကုဋိကာယကို ဆောင့်ကြောင့်ဟု အနက်ပေးလို့မရပါ။ ဖဝါးစွန်းနင်း၍ဟုသာ အနက်ပေးရပါသည်။ ဖဝါးစွန်းဟူသည် ခြေဖဝါးတစ်ခုလုံး ဖြန့်၍ နင်းခြင်းမျိုးမဟုတ်ဘဲ ခြေဖျားထောက်၍ ဖြစ်စေ, ဖနောင့်ထောင်၍ဖြစ်စေ နင်းသွားခြင်းမျိုး။ ခြေဖဝါး အလယ်မထိအောင် ခုံး၍ဖြစ်စေ, ခွေ၍ဖြစ်စေ နင်းထားခြင်းမျိုး ဖြစ်ပါသည်။ ဥက္ကုဋိက- (+ကုဋ+ဏွု၊ +ကောဋ+ဣက)ဟု ပုဒ်ခွဲ၍ ခပ်ကွေးကွေး, ခပ်ခွေခွေ အနေအထားကို ဆိုလိုသည်။ ယင်းသို့ဖြစ်လျှင် ဥက္ကုဋိကပုဒ်၏ အနက်သည် ဆောင့်ကြောင့်လည်း ဖြစ်နိုင်သည်။ ဖဝါးစွန်းနင်းလည်း ဖြစ်နိုင်သည်။ ခပ်ကွေးကွေး, ခပ်ခွေခွေလည်း ဖြစ်နိုင်သည်။ ပုဆစ်တုပ်စသည်လည်း ဖြစ်နိုင်သည်။ 


ဥက္ကုဋိကာ ရှာပုံတော်


ဥက္ကုဋိကနေပုံထိုင်ပုံနှင့် ပတ်သက်၍ ပဏ္ဏာသဋီကာ၌ တင်ပလ္လင်ခွေကာ ဥက္ကုဋိကာအနေအထားဖြင့် အထက်ပိုင်းကိုယ်ကို အောက်ပိုင်းကိုယ်၌ တည်စေ၍” ဟု မိန့်ဆိုထားသဖြင့် ပလ္လင်္ကမာဘုဇိတွာ ဥက္ကုဋိကာ နိသဇ္ဇာယ-တင်ပလ္လင်ခွေလျက် ဥက္ကုဋိကအနေအထားဖြင့်ဟု ဆိုသောကြောင့် တင်ပလ္လင်ခွေထိုင်ပုံကိုပင် ဥက္ကုဋိကအနေအထားဟု ဆိုလိုရာရောက်သဖြင့် ဥက္ကုဋိကသည် ဆောင့်ကြောင့် မဖြစ်နိုင်။ 

ဩရိမံ အင်္ဂံ နိဿာယ နိသိန္နောတိ ပလ္လင်္ကမာဘုဇိတွာ ဥက္ကုဋိကာ နိသဇ္ဇာယ ဥပရိမကာယံ ဟေဋ္ဌိမကာယေ ပတိဋ္ဌပေန္တော ယေဝ။ (မ၊ ဋီ၊ ၃၊ ၁၇၈)

မည်သို့ဆိုစေ ဥက္ကုဋိကအနေအထားဟူသည် ခပ်ကွေးကွေး, ခပ်ခွေခွေနေခြင်းမျိုးကို ဆိုလိုသည်။ ယင်းသိုဖြစ်လျှင် ပုဆစ်တုပ်ထိုင်ခြင်းသည်ပင်လျှင် ခပ်ကွေးကွေး, ခပ်ခွေခွေထိုင်ခြင်း ဖြစ်နိုင်သည်။ မြန်မာ့ရှေးရိုးစဉ်လာ ပုဆစ်တုပ်ထိုင်ပုံများသည် ခပ်ကွေးကွေး, ခပ်ခွေခွေထိုင်ခြင်းမျိုးဖြစ်၍ ဥက္ကုဋိကထိုင်ပုံဟု ပြောလို့ရပါသည်။ ရှေ့၌ ပြခဲ့သော ရဟန္တာများ၏ ထိုင်ပုံကို ကြည့်ပါ။ 

ဥက္ကုဋိကပုဒ်၏ မူရင်း သဒ္ဒတ္ထအရဖြစ်စေ၊ ပဏ္ဏာသဋီကာစသော ပါဠိအဖွင့်ကျမ်းဂန်များအရဖြစ်စေ၊ သေခိယသိက္ခာပုဒ်အရဖြစ်စေ အားလုံးကို ခြုံကြည့်လျှင် ခပ်ခွေခွေ, ခပ်ကွေးကွေး, ခပ်ကျုံ့ကျုံ့ အနေအထားဟု ဆိုလိုရာ ရောက်သည်။ ထို့ကြောင့် ပုဂံရွှေစည်းခုံဘုရား, အာနန္ဒာဘုရားတို့၌ တွေ့ရသော ပုဆစ်တုပ်ထိုင်ပုံသည်သာလျှင် ဥက္ကုဋိက မူလပုဒ်၏ သဒ္ဒါအနက်နှင့်လည်း သင့်လျော်သည်။ မြန်မာ့ရှေးရိုးစဉ်လာ ယဉ်ကျေးမှုနှင့်လည်း ဆီလျော်သည်။ မျက်မြင်လောကတွင် ဘုရားရှေ့မှာဖြစ်စေ, ဆရာတော် သံဃာတော်များ ရှေ့မှာဖြစ်စေ, လူကြီးသူများ ရှေ့မှာဖြစ်စေ ထိုင်ပုံများကိုကြည့်လျှင် ပုဆစ်တုပ်အနေအထား ထိုင်ခြင်းသည်သာလျှင် ပိုမိုယဉ်ကျေးသည်၊ သိမ်မွေ့သည်၊ သပ်ရပ်သည်။ ဆောင့်ကြောင့်နေပုံ, ထိုင်ပုံသည် အိန္ဒိယ ယဉ်ကျေးမှုမှ ကူးစက်လာသည်ဟု စာရေးသူ ထင်မြင်ယူဆပါသည်။ ပညာရှင်များ ဆက်လက်စိစစ်ဝေဖန်ပေးကြပါဟုလည်း တိုက်တွန်းလိုပါသည်။ 

သေခိယ ဥက္ကုဋိကသိက္ခာပုဒ် အဆိုအရ ခြေဖဝါးကို ပြန့်ပြန့်ပျူးပျူး မနင်းဘဲ ခုံး၍, ကွေး၍, ခွေ၍နင်းခြင်းမျိုးဟု ဆိုလိုသောကြောင့် ဥက္ကုဋိကာကို ဆောင့်ကြောင့်ဟု တိုက်ရိုက်အနက်ယူခြင်းထက် ခပ်ကွေးကွေး, ခပ်ခွေခွေ, သေသေဝပ်ဝပ်, ကျုံ့ကျုံ့ယုံ့ယုံံ့ ဟုသာ အနက်ယူခြင်းက ပို၍သင့်လျော်ပါသည်။ အများအမြင်အရလည်း ကောင်းပါသည်။ ဖော်ပြထားသော ရဟန္တာပုံများကို ထောက်ဆလျှင် မြန်မာ့ရှေးရိုစဉ်လာ မြန်မာ့ယဉ်ကျေးမှုနှင့်လည်း သင့်လျော်ပါသည်၊ ကိုက်ညီပါသည်။ အချို့ဆရာတော်ကြီးများနှင့် အချို့ကျောင်းတိုက်များ၌ ဘုရားရှိခိုးသောအခါမှာ ဖြစ်စေ၊ ဆရာကန်တော့သောအခါမှာဖြစ်စေ၊ ဥပုသ်ပြုသောအခါမှာဖြစ်စေ ရဟန်းသာမဏေအားလုံး ပုဆစ်တုပ်အနေအထားဖြင့်သာ နေထိုင်လေ့ရှိကြပါသည်။ 

ဥက္ကုဋိကံ နိသီဒိတွာ-ဟူသော ပါဠိကို အရိုအသေပေးထိုင်ပုံ ဆိုင်ရာတိုင်း၌ အမျိုးသားဘိက္ခု, အမျိုးသမီးဘိက္ခုနီ နှစ်ဦးလုံးအတွက် ဝိနည်းပါဠိတော် နေရာတော်တော်များများ၌ ဟောထားသောကြောင့် ဆောင့်ကြောင့်ဟု အနက်ပေးခြင်းသည် မသင့်လျော်လှပါ။ အမျိုးသမီးဘိက္ခုနီများ အဆိုပါ ဆောင့်ကြောင့်ထိုင်ပုံံ အဘယ်မှာ သင့်လျော်ပါမည်နည်း။ 

ဥက္ကုဋိကံ-ဟူသော ပုဒ်ကို ဝိနည်းပါဠိတော်များ၌ပင် နေရာ(၇၀)ကျော် တွေ့ရသည်။ ဥက္ကုဋိကပုဒ်ကို ဆောင့်ကြောင့်ဟု အနက်ယူခြင်းသည် သတ္တဝါများ မိခင်ဝမ်း၌ ပဋိသန္ဓေနေသောအခါ မိုးရွာ၍ သစ်ခေါင်းထဲမှာ မျောက်သတ္တဝါများ နေပုံကိုသာ အထောက်အထားယူထားခြင်း ဖြစ်သည်။ ယင်းအထောက်အထားထက် ပိုလွန်သော ယုံကြည်ကိုးစားလောက်သည့် ခိုင်လုံသော မူရင်းပါဠိ, အဋ္ဌကထာ, ဋီကာ အထောက်အထား မတွေ့ရပါ။ နှောင်းကာလဖြစ် ယောဇနာ, ဂဏ္ဌိစသော အထောက်အထားများကား ရှိသင့်သလောက် ရှိနိုင်ပါလိမ့်မည်။ ထို့ထက် ခိုင်မာသော သဒ္ဒယုတ္တိ, အတ္ထယုတ္တိ, သဘာဝယုတ္တိ, မြန်မာ့ယဉ်ကျေးမှုယုတ္တိစသော ယုတ္တိများကို ရှာကြံကြပါဟု ပညာရှင်များကို တိုက်တွန်းအပ်ပါသည်။ 



ပါဠိတော်နည်းကျ ထိုင်ပုံစနစ်


မိုးစို၍ ချမ်းတုန်နေသဖြင့် သစ်ခေါင်းထဲ၌ ဒူးနှစ်ဖက်ပေါ် လက်သီးဆုပ်နှစ်ဖက်တင် မေးတင်ကြွက်စုတ်လိုဖြစ်အောင် ကုပ်ကွေးနေသော မျောက်သတ္တဝါကို နမူနာယူခြင်းသည် သတ္တဝါများ ပဋိသန္ဓေနေပုံနှင့် နှိုင်းယှဉ်နိုင်သော်လည်း ရိုရိုသေသေ လေးလေးစားစား ထိုင်ပုံနှင့်ကား မနှိုင်းယှဉ်သင့်ပါ။ ထို့ကြောင့် ဝိနည်းပါဠိတော်များတွင် အမျိုးသားရဟန်းတော် ဘိက္ခုအတွက်ရော အမျိုးသမီးရဟန်းတော် ဘိက္ခုနီအတွက်ပါ နှစ်မျိုးလုံး ဆိုင်အောင် ဟောထားသော နေရာများ၌ကား မည်သည့်နည်းနှင့်မျှ မသင့်တော်ပါ။ အမျိုးသမီးရဟန်းတော် ဘိက္ခုနီများအတွက်ကား လုံးဝမသင့်တော်ပါ။ အမျိုးသမီးရဟန်းတော် ဘိက္ခုနီများ အမျိုးသားရဟန်းတော်များရှေ့မှောက်မှာ မဆင်မခြင်ထိုင်မိလျှင်ကား ပြဿနာပင်တက်နိုင်ပါသည်။ 


မြန်မာ့ရှေးရိုစဉ်လာ အရိုအသေပေးထိုင်ပုံစနစ် ပြန်လည်ဖော်လှစ်ခြင်း


ဆိုခဲ့ပြီးသည့် သဒ္ဒယုတ္တိ, အတ္ထယုတ္တိ, သဘာဝယုတ္တိ, မြန်မာ့ယဉ်ကျေးမှုယုတ္တိများအပေါ်မှာ မူတည်ပြီး ဥက္ကုဋိကအနေအထားသည် ခပ်ကွေးကွေး, ခပ်ခွေခွေ, အုပ်အုပ်ဆိုင်းဆိုင်း, ကျုံ့ကျုံ့ယုံ့ယုံ့ အနေအထားသာ ဖြစ်သင့်ပါသည်။ ယင်းသို့ဖြစ်လျှင် ပုဆစ်တုပ်အနေအထားသာ ဖြစ်ပါသည်။ ကြာကြာတရားထိုင်ရာမျိုး၌ကား ဆိုခဲ့ပြီးသော ပဏ္ဏာသဋီကာလာသည့်အတိုင်း တင်ပလ္လင်ခွေထိုင်ပုံလည်း ခပ်ကွေးကွေး, ခပ်ခွေခွေ အနေအထားပင် ဖြစ်နိုင်ပါသည်။ အသက်ကြီး၍ဖြစ်စေ, ဒူးနားစသော ရောဂါကြောင့်ဖြစ်စေ, ပုဆစ်တုပ်မထိုင်နိုင်သူများကား တင်ပလ္လင်ခွေအနေအထားဖြင့်ဖြစ်စေ, အခြားသင့်တော်သည့် အနေအထားဖြင့် ဖြစ်စေ ထိုင်နိုင်ပါသေးသည်။ ဝိနည်းသိက္ခာပုဒ်များ၌ပင် အနုပညတ်ထုတ်ရ ဂိလာန(ရောဂါသည်)အတွက် သီးခြားခွင့်လွှတ်ပေးရသည်။ ယနေ့မျက်မြင် ကမ္ဘာတစ်ခွင် ဖြန့်ချိနေသော ဓမ္မစကြာတရားဦး ဟောပုံများလည်း ဆောင့်ကြောင့်ထိုင်ပုံအနေအထား လုံးဝမတွေ့ရပါ။ 

ယနေ့တွေ့မြင်နေရသော ဆောင့်ကြောင့်ထိုင်ပုံအနေအထားမျိုး မြန်မာ့ရိုးရာ ပန်းချီပုံများမှာ ဖြစ်စေ၊ ရုပ်တုများမှာ ဖြစ်စေ မတွေ့ရသလောက် ရှားပါးပါသည်။ ဥက္ကုဋိကံ နိသီဒိတွာ ဟူသော ပါဠိတော်အရ ဆောင့်ကြောင့်ထိုင်သင့် သည်ဟု အကြောင်းမပြသင့်ပါ။ ဥက္ကုဋိကံ နိသီဒိတွာ ဟူသော ပါဠိကို ဆောင့်ကြောင့်ဟု တရားသေ မယူသင့်ပါ။ ရှေ့၌ ဥက္ကုဋိကပုဒ်၏ အနက်သည် ဆောင့်ကြောင့်လည်း ဖြစ်နိုင်သည်၊ ဖဝါးစွန်းနင်းလည်း ဖြစ်နိုင်သည်၊ ခပ်ကွေးကွေး, ခပ်ခွေခွေလည်း ဖြစ်နိုင်သည်၊ ပုဆစ်တုပ် စသည်လည်း ဖြစ်နိုင်သည်ဟု ဆိုခဲ့ပြီးပါပြီ။ ထို့ကြောင့် သဒ္ဒယုတ္တိ, အတ္ထယုတ္တိ၊ သဘာဝယုတ္တိ, မြန်မာ့ယဉ်ကျေးမှုယုတ္တိများ အပေါ်မှာ မူတည်ပြီး အဆိုပါဆောင့်ကြောင့် ထိုင်ပုံ အနေအထားကို မလွဲမသွေပြင်ဖို့ လိုအပ်နေပါပြီ။ သဘာဝလည်း မကျ, မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်လည်း မလျော်သော ဆောင့်ကြောင့်ထိုင် အရိုအသေပေးပုံအနေအထားကို စာသင်တိုက် တာဝန်ခံဆရာတော်များနှင့် ယဉ်ကျေးမှုသင်တန်း တာဝန်ခံများက ဦးစီးဦးဆောင်၍ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်း စနစ်ကို ပြန်လည် ဖော်လှစ်ပေးကြပါဟု အလေးအနက် ပန်ကြားအပ်ပါသည်။ 





ပြာသိုလဆန်း -ရက်၊ ၁၃၇၇-ခု

(ဇန်နဝါရီ ၁၀၊ ၂၀၁၆) တနင်္ဂနွေနေ့

အရှင်တိလောကာဘိဝံသ (အင်းစိန်)






























Comments

Popular posts from this blog

Tipitaka.lk